poemtopia

poem is mylife

Archive for April, 2009

ကျွန်တော့်တွင် အလွမ်းများစွာရှိသည်။ ထိုအလွမ်းတွေထဲတွင် သတ္တ၀ါတခုကို လွမ်းနေသော အလွမ်းတခု ပါနိုင်သည်။ ထိုသတ္တ၀ါသည် လူတယောက် ဖြစ်နိုင်သည်။ ထိုလူသည် ကောင်မလေး တယောက် ဖြစ်နိုင်သည်။ ထိုကောင်မလေးသည် ကျွန်တော့်ထက် ငယ်နိုင်သည်။ ကျွန်တော့်ထက် ငယ်သော ကောင်မလေးသည် ကျွန်တော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတွင် ရှိနိုင်သည်။ အနီးဆုံးနေရာတွင် ရှိနိုင်သည်။

ထိုကောင်မလေးနဲ့ ကျွန်တော်သည် ၀တ္ထုတွေထဲကလို တက္ကသိုလ်ကျောင်းသား/ သူတွေ ဖြစ်ခဲ့ကြသည်။ ထို့နောက် ၀တ္ထုတွေထဲကလို ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ သို့သော် ၀တ္ထုနှင့် ရှပ်ရှင်တွေထဲကလို ဦးချစ်လ္ဘရည်ဆိုင်ထိုင်ပြီး ဂျက်ဆင်ဘေးမှ လမ်းဖြတ်လျှောက်ကာ အင်းယားကန်သို့ သွား ထိုင်ရင်း ဘူးသီးကြော် မစားပေ။ လူများ အသိမှတ်ပြုထားသော ချစ်သူဆိုဟု ထင်မြင်ဖွယ် အပြုအမူတွေ တခုမှ မရှိပေ။ အယုတ်စွဆုံး သူက ပါးပြင်သည် ဘာရနံ့ ရှိလဲပင် မသိပေ။ ကွင်းပြင်တွင်ရှိသော တက္ကသိုလ် တခုတွင် ပညာနို့ချို သောက်သုံးရင်း တရပ်ကွက်ထဲနေ၍ ဖယ်ရီ တယောက် တစီး စီးကြသည်။ ကျွန်တော့်ထက်ငယ်သော ထို ကျွန်တော့် ချစ်သူဟုခေါ်သော ကောင်မလေး အတန်းတက်နေချိန်တွင် ကျွန်တော်သည် လွယ်အိတ် ကန့်လန့် လွယ်၍ ဘွဲ့နှင်းသဘင်ရှေ့တွင် သူငယ်ချင်းများနဲ့ ဂစ်တာ တီးနေတတ်သည်။  လမ်းဆုံဟုခေါ်သော ဘုံဆိုင် ရောက်နေတတ်သည်။ ဖယ်ရီပေါ်တွင် အိပ်နေတတ်သည်။ အဆောင်ပေါက်စေ့အောင် လျှောက်လည်နေတတ်သည်။ တက္ကသိုလ်ကျောင်းသားတို့ သဘာဝ အလုပ်ကြီး အကိုင်ကြီးဖြစ်သော ကဗျာ စာအုပ်ထွက်ရန် ကဗျာလဲ အချိန်လု၍ ရေးရသေးသည်။

ဇာတ်နာအောင် ရေးရသော် ကျွန်တော်တွင် သိန်းပေါင်းမြောက်များစွာတန်သော ကိုယ်ပိုင်ကား မရှိပေ။ ကိုယ်ပိုင်လက်ကိုင်ဖုန်းလဲ မရှိပေ။ ရှပ်ရှင်တွေထဲကလို သူငယ်ချင်းတွေကို ကင်းတင်းတွင် ငါရှင်းမယ် ထားခဲ့လို ပြောနိုင်လောက်အောင်ပင် ငွေမရှိပေ။ အယုတ်စွဆုံး ကိုယ်ပိုင် အိပ်ခန်းတောင် မရှိသဖြင့် ရှပ်ရှင်တွေထဲကလို သူငယ်ချင်းတွေက ကျွန်တော့် အခန်းထဲလာ၍ ဂစ်တာတီးခြင်း ချစ်သူအကြောင်း တိုးတိုးတိတ်တိတ် ပြောခွင့်မရပေ။ ပို၍ ဇာတ်နာအောင် ရေးရသော် ကျောင်းမသွားခင် ကျွန်တော့် မိဘပိုင်သော ဆိုင်ကို ခင်ကျင်းပြီးမှ သွားရသလို ပြန်လာလျှင်လဲ ဆိုင်သိမ်းပြီးမှ အိမ်ပြန်ခွင့်ရလေသည်။ ပို၍ ဇာတ်နာသထက် နာအောင်ရေးရသော် အိမ်တွင် ဖုန်းမရှိသောကြောင့် တခါတရံ ဖုန်းမှား၍ အသံလေးသာယာသောကြောင့် ချစ်သူဖြစ်သွားခွင့်၊ သင်္ကြန်တွင် ဖုန်း နံပတ်ပေး၍ သင်္ကြန်ဇာတ်လမ်း လုပ်ခွင့်၊ သီချင်းတွေထဲကလို တညလုံး ဖုန်းပြောရင်းလဲ ရူးခွင့်မရခဲ့ပေ။

ထို့နောက် ကျွန်တာ့်ချစ်သူဟုခေါ်သော ကောင်မလေးနဲ့ ကိုရီးယားကားများလို ဇာတ်လမ်းတွဲရိုက်ရန်အတွက် မိုးရွာမည်ဟု ကြိုမသိသော တနေ့တွင် ထူးဆန်းစွာ  သူ(မ) သူငယ်ချင်းတွေနဲ့ လျှောက်သွားမယ် လိုက်ခဲ့ဟု ဖယ်ရီကွင်းထဲတွင် ပြောလာရာ ကျွန်တ်ာလဲ လက်ခံလိုက်မိသည်။ (ထူးဆန်းစွာ ခေါ်လို့လဲ မိုးရွာတာ ဖြစ်နိုင်ပါသည်။) ထို့နေ့သည် ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူရဲ့ ပထမဇာတ်လမ်းတွဲတွင် အတူတူလျှောက်သွားဖူးသော ပထမဆုံးအကြိမနဲ့ နောက်ဆုံး အကြိမ်ဖြစ်သည်။ သို့သော် ရှပ်ရှင်တွေထဲကလို မိုးရေထဲတွင် စလိုးမိုးရှင်းပြကွက်ဖြင့် ပြေးလွှားမနေပေ။ မိုးရေထဲတွင် ထီးအတူတူဆောင်းရင်း သူ(မ) သူငယ်ချင်းများနှင့် underground ကကြသေးသည်။ မည်သို့မှ ကဗျာမဆန်သော ကျွန်တ်ာနှင့် ကျွန်တာ့်ချစ်သူ၏ မိုးနေ့ တနေ့ဖြစ်သည်။

ဇာတ်ချိန်မြှင့်ရသော် စာမေးပွဲတွေ ဖြေပြီးသော နေ့တနေ့တွင် သူ(မ) ဆိုင် ကျွန်တော်သွားလည်ရာ  ကျွန်တော့်အား ” နင်နဲ့ ငါ မဖြစ်နိုင်ဘူး” ဟူသော ၀ါကျတကြောင်းသာ ပြောလေသည်။ ကျွန်တာ့် ဘာစကားမှ ပြန်မပြောနိုင်ပဲ လှည့်ထွက်လာခဲ့မိသည်။ ထို့နေ့သည် ကျွန်တာ့်ဘ၀တွင် အစီစဉ်မရှိပဲ တယောက်တည်း ဇာတိမြေသို့ ပထမဆုံး အကြိမ်ပြန်ဖူးခြင်းဖြစ်သည်။

ကျွန်တ်ာနှင့် ကျွန်တ်ာချစ်သူသည် ၀တ္ထုတွေထဲက အတိုင်း မိဘချင်း ရင်းနှီး၍ နှစ့်အိမ့် တစ်အိမ်နေသော ပုံစံဖြစ်သည်။ သို့သော် ၀တ္ထုတွေထဲက အတိုင်း ဖြစ်မလာပေ။ ကျွန်တော့် ချစ်သူသည် သူ(မ) အဖေကို အရမ်းကြောက်ရ၍ ကျွန်တော်သည် ကျွန်တော့် အမေကို အရမ်းကြောက်ရသည်။ (နားညည်း မခံနိုင်၍ဆို ပိုမှန်မည်။) ၀တ္ထုတွေထဲကအတိုင်း သူ(မ) အဖေက ဆူပူကျိမ်းမောင်း ပုံရသည်။ ဒီကောင်ကို ဖြတ်ရင် ဖြတ် မဖြတ်ရင် ငါ့ကို ဖြတ်ဟူ၍လဲ ကျိမ်းမောင်းကောင်း ကျိမ်းမောင်းနိုင်သည်။ ထို့အတူ့ အမေကလဲ ကျွန်တော့်အား တခြား နေပူပူ ကွင်းပြောင်ပြောင် တက္ကသိုလ်ကျောင်းတခုသို့ ပြောင်းထားလိုက်သည်။ဒီလိုနဲ့ ကျွန်တ်ာချစ်သူနဲ့ ကျွန်တော် ပထမပိုင်းဇာတ်လမ်း အဆုံးသတ်ခဲ့ပါတယ်။

ကျွန်တော့်တွင် ချစ်သူတယောက် ရှိတယ်။ တိတိကျကျပြောရရင် အတိတ်မှာ ရှိခဲ့တယ်။ ယခုပစ္စုပ္ပုန်လဲ ရှိနေတယ်။ အနာဂတ်မှာလဲ ရှိနေဦးမယ်။

08.04.09 နေ့က East Cost ကျောင်းက သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလေး ကျင်းပ ဖြစ်ခဲ့တယ်။ ပထမကတော့ ကျွန်တော် သင်္ကြန်မတိုင်မီ ပြန်ဖြစ်တယ်ဆိုပြီး စီစဉ်ထားပေမဲ့ မပြန်ဖြစ်ပါဘူး။ ဒါပေမဲ့ နောက်လ ၅ လပိုင်းလောက်တော့ မြန်မာပြည်ကို အပြီး သို့မဟုတ် စလုံးကို နှစ်အနည်းငယ် ကြာမှ ပြန်လာမယ် ဆိုတော့ ကျွန်တော့်ကို နှုတ်ဆက်တဲ့  ပွဲလေး ကျင်းပခဲ့ပါတယ်။ သူငယ်ချင်းတွေ အားလုံး ၁၂ ယောက်ဆိုပေမဲ့ ၂ ယောက်က ည မအိပ်ပဲ စောစော ပြန်သွားခဲ့လို့ အားလုံး ၁၀ ယောက် ကျန်ခဲ့ပါတယ်။ ပထမတော့ ၆ နာရီလောက် ပင်နီဆူလားကနေ လူစုပြီး ကားငှားသွားမလို့ စီစဉ်ထားပေမဲ့ အကို တယောက်က လိုက်ပို့မယ်ဆိုလို့ စောင့်ရင်း စောင့်ရင်းနဲ့ ၈ နာရီလာက်မှ စထွက်ဖြစ်ပါတယ်။ East cost ရောက်တော့ မှောင်နေပြီလေ ဒီတော့ ဓာတ်ပုံ မရိုက်ဖြစ်တော့ပဲ သောက်ဖို့ စားဖို့ စီစဉ်ကြပါတယ်။ ပထမဆုံး အမြည်း အနေနဲ့ Vodka ကို Sprite ၊ သံပရာသီး ၊ သကြားနဲ့ ရော စပ်ပြီး သောက်ကြပါတယ်။ သောက်ရင်းနဲ့ ဂစ်တာတီး သီချင်းဆိုရင်း ကနေပုံတွေ အောက်မှာ ကြည့်ပါ ခင်ဗျာ :)

mY fris

my fris

Vodka

ဒီပုံလေးက Romantic ဆန်ဆန် Vodka လေးပါ :P


ဂစ်တာတီးတဲ့ သူမောတော့ ဖုန်း ၃ ၄ လုံးနဲ့ သီချင်းတစ်ပုဒ်တည်းကို  ပြိုင်တူ ဖွင့်ပြီး ကကြသေးတယ်။ ကရင်းနဲ့ Club သွားမယ် Club ဒိုးမယ် အော်ရင်း မမော မပန်း က ပါတယ်။ မူးပြီးကနေပုံတော့ ကလို့ကောင်းနေတော့ မရိုက်မိလိုက်ဖူး။ ပြီးတော့ Vodka နဲ့ Cocktail စပ်ပြီး သောက်ကြ ငြင်းကြ ကကြ နဲ့ အချိန်တော်တော် ကြာသွားပါတယ်။ Cocktail လဲ ကုန်ရော ကျွန်တော်တို့ ၁၀ ယောက် အောက်မှ ဆင်းထိုင်ပြီး ဖဲထုတ်နဲ့ အကြီးဆုံး ကို အငယ်ဆုံး ဂဏန်းက ခိုင်းချင်တာ ခိုင်းဆိုပြီး ဆော့ကြပါတယ်။ အဲ့ထဲမှာ ကျွန်တော်နဲ့ ကိုစည်သူ ဆိုတဲ့ အကိုရယ် မလုပ်ရပါဘူး။ ကိုယ်က ဂဏန်း အသေးဆုံးကြလိုက် အလယ်ရောက်လိုက်နဲ့ ကံကောင်းနေပါတယ်။ အဲ့ ကစားနည်း ဆော့ရတာ ပျင်းတော့ ငယ်ငယ်ကအတိုင်း ရုပ်ရှင် နာမည်တွေ ဖွက်တိုင်းဆော့ပါတယ်။ ကိုယ်ဟန် အမူအရာနဲ့ ပြောပြီး အသံလုံးဝ မထွက်ပဲအမူအရာ ပြတဲ့ သူကို ကြည့်ပြီး ဘာကားလဲဆိုတာ ခန့်မှန်းရတာပါ။ လူ၁၀ယောက်နဲ့ ၁၀ ကားလဲ ပြီးရော နောက်တမျိုးပြောင်း ဆော့ကြပါတယ်။ ဒါကတော့ သဲသောင်ပြင်မှာ ဘောလုံး ကန်တာပါ။ တဖက်၅ ယောက်ခွဲပြီး မောမော ပန်ပန်း ဆော့ပြီးတဲ့ အချိန်မှာတော့ မိန်းကလေးတွေက ရေသွားချိုး ကျွန်တော်တို့ကတော့ ရေထဲဆင်းပြီး ဆော့ကြပါတယ်။ ရေစိုကြီးနဲ့  သူငယ်ချင်းတွေ ရှမ်းကိုးမီး ဆော့ကြပါသေးတယ်။ ရှုံးတဲ့သူက ကျွန်တော် ဖဲရှံးပါတယ် ခင်ဗျာ ဆိုပြီး အော်ရင်း ရေထဲပြေးဆင်းရတာပါ။ ဆော့တာ ၄ ယောက်ဆိုတော့ ရှုံးတဲ့ ၂ ယောက်က အော်ပြီး ပြေးဆင်းရပါတယ်။ အဲ့လို ဆော့နေရင်းနဲ့ မနက်  ၆ နာရီလောက်မှာ ခဏ နားကြပါတယ်။ ပြီးတော့ ရေချိုးပြီး ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ ပြန်ဖို့ ပြင်ဆင်ပြီးတော့မှ ဓာတ်ပုံရိုက်ဖို့ သတိရပါတယ်။ အခုပုံတွေကတော့ ပြန်ခါနီးမှ ရိုက်ထားတဲ့ ပုံတွေပါ။

my lovely fris

သူငယ်ချင်း ၉ ယောက်နဲ့ ဖိုးဂျယ်လေးပါ။

AEC students

ဒါကတော့ MC Donald’s နားက ရေပန်းမှာပါ။

mee

ဒါကတော့ ဂစ်တာ တီးတတ်ချင်ယောင်ဆောင်ပြီး ဂစ်တာ လွယ်ထားတဲ့ ခပ်ချောချောကောင်လေးပါ။

အခုလို ပျော်စရာ နှုတ်ဆက်ပွဲလေး အဖြစ် စီစဉ်ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ညမှ ရောက်သွားတော့ ပုံတွေက သိပ် မရိုက်ဖြစ်လိုက်ဖူး။ မနက်ကြတော့လဲ အလုပ်ရှိတဲ့ လူကရှိ ကျောင်းသွားမဲ့ လူက သွားဆိုတော့ ကတိုက်မရိုက်ဖြစ်နေကြတော့ ဒီလောက်ပဲ ရိုက်လိုက် နိုင်တယ်။

ဒီပိုစ့်လေးနဲ့ အတူ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကဗျာ အဟောင်းလေး ဆားပြန်ချက်လိုက်ပါတယ်။ အခုရက်ပိုင်း မြန်မာပြည် ပြန်ချင်နေလို့ ကျောင်းကိစ္စလည်း နည်းနည်း လုပ်စရာလေးတွေ ရှိနေတာနဲ့ အလုပ်နည်းနည်း ရှုပ်နေလို့ ဘာမှ မရေးဖြစ် အိမ်လဲ သိပ် မလည်ဖြစ်လို့ အရင် ကဗျာ အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

ဘ၀မှာ တစ်ယောက်တည်း
ဖြတ်သန်းရတာ တော်တော်ကြာနေပြီ ချစ်သူ။
ငါ့ ဘ၀မှာ music နဲ့ ကဗျာတွေ ၊
ဟော့ဒီ့ blog ဆိုတဲ့
ငါ့ရဲ့စိတ်ထွက်ပေါက်လေး ရှိနေလို့သာပေါ့။
မရှိရင်တော့လား
ငါ့ဘ၀က မတွေးရဲ စရာပဲ။
သူများနည်းတူ ငါလည်း
မင်းကို အရမ်းချစ်ကြောင်းပြောချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ကိုယ့်ချစ်သူအကြောင်းတွေ ရေးချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ဒါကျွန်တော်ချစ်သူလို့  ကြွားချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ကိုယ်ချစ်သူနဲ့ စကားတွေပြောချင်တာပေါ့ ချစ်သူ။
ငါပြောချင်တာပြော ဆိုရင်
ပြောစရာတွေ အများကြီးရှိနေမှာပေါ့။
ပိုပိုသာသာလေးပြောရရင်တော့
ရင်နဲ့မဆံ့အောင်ရှိတယ်ဆိုပါတော့။
တစ်ကယ်တော့ မရှိပါဘူး။
ရှိတယ်ဆိုရင်ပြောလို့ မင်းမေးလာရင်
ငါ့မှာ ခွေးအကြီးလှည်းနင်း ခံရသလို
အစ် အစ် ပဲ ထွက်လာမယ်ထင်တယ် ချစ်သူ။
ငါမှာ ပြောစရာ စကားဆိုလို့
မင်းကို ချစ်တယ် ဆိုတဲ့ စကားစုလေးပဲ
အကြိမ်ကြိမ် အခါခါထွက်လာမယ်ထင်တယ် ချစ်သူ။
ငါ့ကိုယ်တိုင်က ရင်ထဲကစကားကို
ပြောလိုက်လို့ မင်းက ဟိုးအရင်ကလိုပဲ
မယုံဘူးဆိုရင် ငါ ဘာဆက်ပြောရမှာလဲဆိုတာ
ကြိုတင်စဉ်းစားထားတာတောင် အဖြေမထွက်ဘူး ချစ်သူ။
ဟိုးအရင်ကလို
မင်းရင်ထဲမှာ ငါရှိတာ မင်းကိုယ်တိုင်မသိသလို
ငါရင်ထဲမှာလဲ မင်းရှိနေခဲ့တယ်ဆိုတာ
ငါကိုယ်တိုင်တောင်မသိခဲ့ပါဘူး။
နင်ပြောတယ်
ငါနေကောင်းတယ် စိတ်ပူမနေနဲ့ မကြာပါဘူး
နင်နဲ့ တွေ့ရတော့မှာဘဲ
နင်ပြောတော့ လွယ်လွယ်လေးနော်။
ငါ့မှာ ဘယ်လောက် စိတ်ပူနေရလဲ မင်းမသိဘူး ချစ်သူ။
နင်ပြောသမျှ စကားထဲမှာ ငါနားမထောင်တတ်တာ
မလာဖြစ်ရင်လည်းမျော်မနေနဲ ဆိုတဲ့ စကားစုလေးကိုပဲ
နင်ပြောတိုင်းလဲ ငါနားမထောင်တတ်ခဲ့ဘူး။
” ပျော်ရွင်တဲ့ နေ့တနေ့ဖြစ်ပါစေ”
နင် ငါ့ဘေးနားမှာ ရှိနေမယ်ဆိုရင်တော့
ငါ့အတွက် နေ့တိုင်းဟာ ပျော်ရွင်တဲ့နေ့တနေ့ဖြစ်မှာပါ။
အဲ့နေ့ရောက်အောင် ငါစိတ်ရှည်ရှည်နဲ့စောင့်ရမှာပေါ့။
မင်းကို…….
သတိတရရှိတဲ့အခါရှိသလို မေ့နေတဲ့အခါလည်းရှိတာပဲ။
လွမ်းနေတဲ့အခါရှိသလို
အလုပ်ထဲစိတ်ရောက်နေလို့ လွမ်းဖို့မေ့နေတဲ့ အခါလည်းရှိတာပဲ။
မင်းကို ချစ်နေတဲ့အခါရှိသလို
ငါ့ကိုယ်ငါ မုန်းနေတဲ့အခါလည်းရှိတာပဲ။

ပထမဆုံး TAG ရေးတာပါခင်ဗျာ
အမှားပါခဲ့ပါက ရုပ်ချောရပါစေလို၏။
အမှားမပါခဲ့ပါက ပိုပြီးချောရပါစေလို၏။

ဤမေးခွန်းများကို ချမ်းရဲ ဘာသာပြန်ထားခြင်းကို မသိမသာလေး ကွက်တိခိုးကူးထားပါကြောင်း

၁။ ဂျဲဂျယ် (တဂ်ခံရတဲ့သူ ) နဲ့ သံလွင်ဟီးရိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်။
ကျွန်တော်တို့ နှစ်ယောက်က blog သူငယ်ချင်းတွေပါပဲ။

၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
၁း လိမ်မာပြီးဇာတိကို ချစ်တဲ့ကောင်လေး
၂း သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်ပုံရတယ်
၃း စာကိုလဲ ကြိုးစားချင်ယောင်ဆောင်ပုံရတယ်။
၎း အရက်တွေ ဘီယာတွေ သိပ်ကြိုက်တဲ့ပုံ မပေါ်ပါဘူး။ (ညာပေးထားတယ်နော်)
၅း ဘ၀ကို အောင်မြင်အောင်ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။

၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ရှိတာပေါ့ အခု ကျတော်ကိုထမဆုံး သူတဂ်တယ်လေ။

၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ကဗျာလေးကထိတယ်ကွာ ဆင့်ကာပူရောက်ဘဝတူအချင်းချင်းမို့ကိုယ်ချင်းစာပါတယ်ဗျ ဘဝတိုက်ပွဲကို နောက်မဆုတ် အရှုံးမပေးပဲဆက်လက် တိုက်ပွဲဆင်နွှဲရမှာ ကျနော်တို့ တာဝန်ပဲလေ ပြောနေတာကြာတယ်ဗျာ အခုပဲခရီးဆုံးထိဆက်လျှောက်ကြမယ်

၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ကျွမ်းထိုးခိုင်းမယ်။

၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ကိုဗီလိန်ပြောသလိုပဲ ယိုးဒယားအရင်သွားခိုင်းရမယ်။

၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
အခါတစ်သိန်းလောက်ကို ထိုးပစ်လိုက်မှာ မျက်စောင်းနဲ့

၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
တစ်ဝိုင်းထဲ သောက်နေရင်း ခွက်ကျော်ချလို့ ဒါမှမဟုတ်ရင် အမြည်းအရမ်းစားလို့ပေါ့။ စတာ စိတ်ချိုးရဘူးနော်

၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
အိမ်မှာရှိတဲ့ သတင်းစာတွေ အကုန် ပေးပစ်လိုက်မှာပေါ့ ဂျဲဂျယ်တို့က ရက်ရောရင် အဲ့လို

၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်လို့

၁၁။ ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ကမ္ဘာကျော်ဖို့ မပြောနဲ့ ဗျာ ကဲပါထားပါတော့ ပတ်ဝန်းကျင် အော် ပတ်ဝန်းကျင်လား မေ့နေတာကြာပြီဗျ။ သူတို့က ဘာလုပ်ပေးနိုင်လို့လဲ ဒါပါပဲဗျာ တော်သင့်ပြီထင်တယ်

၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?
တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေတတ်တယ်။ သီချင်းတွေနားထောင်ပြီး ကဗျာသေးသေးလေးတွေ ရေးနေရရင်ကျေနပ်တယ်။

၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ခံစားချက်လွယ်တယ်။ ဘယ်သူဘာပြောပြော ပြန်မဖြေရှင်းတတ်တာပဲ။

၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တာ။

၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ပိုက်ဆံပဲ အချိန်တိုင်း ရှာမနေကြပါနဲ့ တစ်ချိန်မှာ မေတ္တာတွေ လိုအပ်လာတဲ့အခါ အဲ့ ပိုက်ဆံတွေက ဘာလုပ်ပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ပါလို့

၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၅ယောက်ဆီရွေးပြီး ပို့ပေးပါ။
အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။

ဆက်ဖတ်ချင်တယ် ဆိုရင်တော့

Read the rest of this entry »

တူးပို့ တူးပို့ ဆိုတာနဲ့ ဘာလဲဆိုတာ မြန်မာလူမျိုးတိုင်းသိပါတယ်။ သင်္ကြန်သီချင်းတွေ ဘယ်လောက် အသစ်ထွက်ထွက် တူးပို့ တူးပို့ အသံမကြားရင် သင်္ကြန်မမည်ဘူးလို့တောင် ပြောလို့ရပါတယ်။ သင်္ကြန်ဆိုတာနဲ့ မြန်မာလူမျိုးတိုင်း အနည်းနဲ့ အများတော့ ရင်ခုန်ကျတာပဲ တကယ်မလုပ်ဖြစ်တောင် ဘာလုပ်မယ် ဘယ်လိုလည်မယ် ဘယ်မဏ္ဏပ်ထိုင်မယ် ဆိုတဲ့ အသံတွေနဲ့တင် ကျေနပ်ခဲ့ရတဲ့ နှစ်တွေ ကျော်ဖြတ်ခဲ့ရပေါင်း မနည်းဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ထိ သူငယ်ချင်းတွေနဲ့ မလည်ဖူးသလို မဏ္ဏပ်လဲ မထိုင်ဖူးလို့ပါပဲ။ အိမ်က အမေက  သင်္ကြန်ရောက်တိုင်း ကားငှားပါတယ်။ အဖေ၊ အမေနဲ့ လည်ရတဲ့ သားပျိုလေးပေါ့။ သူတို့လည်ချင်တာ ပါသလို ကျွန်တော့်ကို စိတ်မချတာလဲပါတာပေါ့။

အဖေ အမေနဲ့ လည်တယ်ဆိုတာ ငယ်ငယ်က ထားပါတော့ ၁၀ တန်းအောင်ပြီး တက္ကသိုလ် ပထမနှစ်မှာပဲ သင်္ကြန်ကို သူငယ်ချင်းတွေနဲ့ စလည်ချင်လာပြီ။ ၂၀၀၁ လောက်ကထင်တယ် ကျွန်တော်ရဲ့ သူငယ်ချင်းတွေက လည်ဖို့ခေါ်တာပေါ့။  အိမ်ကို ခွင့်တောင်းပေမဲ့ လုံးဝ ခွင့်မပေးဘူး။ ကျွန်တော်ကလဲ ခွင့်မပေးပဲ ဇွတ် မလုပ်တတ်သေးဘူးပေါ့။ တခါတခါ ဇွတ်လုပ်လို့ အပြောခံရတာ မကြိုက်ဘူး။ အမေက တခါမှားထားရင် အဲ့ အမှားကို သတိရတိုင်ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောနေတော့တာ ဒီတော့ ကျွန်တော်က ခေါင်းရှုပ်မခံဘူး။ ဒါပေမဲ့ ရွဲ့တတ်တဲ့ အကျင့်လေးကရှိတော့ စလည်တော့ ကိုယ်က အကြံသမားဆိုတော့ မားသားကိုပါ ဂျင်းဘောင်းဘီ ၀တ်ခိုင်းတာပေါ့။ အဲ့နှစ်တနှစ်ပဲ အမေ ဂျင်းဘောင်ဘီ ၀တ်တာ ဘောင်းဘီက အစ်ကိုကြီးဘောင်းဘီလေ ကျွန်တော်ကတော့ ယောပုဆိုးနဲ့ လည်ကတုံး ၀တ်တယ် မြင်ကြည့်ပေါ့ အဖေနဲ့ အမေက ဂျင်းဘောင်းဘီတွေ ၀တ် သားက ပုဆိုးနဲ့ လည်ကတုံး အဖြူ ၀တ်ပြီး ကားပေါ်တက်တာပေါ့။ ကျန်တဲ့ သူတွေက အမေတို့ သူငယ်ချင်း မိသားစုတွေပေါ့။ ပထမတော့ ကျွန်တော့် အကြောင်း မသိတော့ အားလုံးက အ၀တ်စားလဲဖို့ ပြောကြတာပေါ့။ ကျွန်တော်ကတော့ ခပ်တည်တည်ပဲ ဘယ်သူ့ စကားမှ ဂရုမစိုက်ဘူး။ လည်တော့ ကျွန်တော်က ကားအမိုးပေါ်မှာ ဘိုးတော်လိုလို ဘာလိုလိုနဲ့ ထိုင်ပြီးလိုက်လည်တာပေါ့။ :)   အဲ့ နှစ်ကတော့ သင်္ကြန်ကို မှတ်မှတ်ရရပေါ့။ ကျန်တဲ့ နှစ်တွေကတော့ မထူးခြားပါဘူး။ ပုံမှန်ပါပဲ အဖေနဲ့ အမေက ကားငှား အသိတွေ တင် လည် ကျွန်တော်က စိတ်ညစ်ညစ်နဲ့ လိုက်လည် တခါတလေ အရက်ခိုးသောက်ပေါ့။ သူများတွေလို သင်္ကြန်ဇာတ်လမ်းလဲ မရှိဘူး။ ဖုန်း နံပါတ်လဲ မရဖူးသလို ပေးလဲ မပေးဖူးဘူး။

၂၀၀၈ သင်္ကြန်ရောက်တော့ စလုံးရောက်နေပီ ဘာမှန်းမသိပဲ ယောင်နနနဲ့ သင်္ကြန်ပီးသွားတယ်။ တိုးပိုင်းယိုး ဘုန်းကြီးကျောင်းသွား အစ်ကိုကြီးရယ် ၀မ်းကွဲ အစ်ကို ကဗျာမွှေရယ်ပေါ့။ သူများ ရေ ကစားတာတွေကြည့် ဘီယာလေး တစ်ယောက် တစ်ဗူးသောက်ပီး  ပင်နီဆူးလား ၀င် နေ့လည်စာစား ပြန်လာ ရေတောင် ကောင်းကောင်း စိုလိုက်လား မစိုလားတောင် မသေချာဘူး :) မြန်မာပြည် ပြန်လို့ သင်္ကြန်ကျဖြစ်ရင်တော့ သူငယ်ချင်းတွေနဲ့ လည်ချင်လည် မလည်ဖြစ်ရင် ချောင်းသာလေးကို မိသားစုလိုက်သွား စိတ်ကူးနဲ့တင် တော်တော် စိတ်ချမ်းသာတယ်ဗျာ ဒီနှစ်တော့ စလုံးမှာ ဘာထူးခြားဦးမလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာ သူငယ်ချင်းတော်တော်များများနဲ့ ခင်နေပီလေ ကိုယ်တယောက်တည်း ယောင်တောင်တောင်ဆိုပေမဲ့ အဖွဲ့လိုက်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ပျော်စရာတော့ ကောင်းမှာပါ။ အဲ့တော့လဲ နှစ်သစ် ပိုစ့်လေးဆိုပီး တင်ရတာပေါ့ :P

မေမီးရဲ့ ရင်ထဲက သင်္ကြန်ဆိုတဲ့ တဂ်လေးပါ။

ဆက်လက် မဲပေါက်တာကတော့

မယ်မယ်လိန်

ပန်းချီတွေနဲ့ ကိုကိုရဲ့ ညီ

မတူး

TT

သပသ

စိန် (TT အခေါ့်)

ကောင်လေးအိမ်

တီတီမီးလေးဇာ

ဂျီးဒေါ်ဝှိုက်

မိုးသောက်ယံ

လင်းအာရုဏ်

မမအနမ်း