ငါ့နှလုံးသားက လွမ်းစရာတွေ၊၀မ်းနည်းစရာတွေ ဖတ်မိ ကြားမိရင် သူများထက် ပိုခံစားရတယ်။ မင်းကို ချစ်မိတဲ့ နောက်ပိုင်း ငါ့ရဲ့ ခံစားချက်တွေပဲ။ ဘာမှန်းသိတဲ့ ရင်မောသလိုလို (သို့) အောင့်သလိုလို (ဥပမာ- နှလုံးရောဂါသည်လိုပေါ့) ဆေးစားလဲ ပျောက်မှာ မဟုတ်တဲ့ နာတာရှည် ရောဂါပဲ။
အမှန်တော့ ငါ့ဘ၀က ၀တ္တုတစ်ပုဒ်လိုပါပဲ။ ရသပေါင်းစုံ ပါတယ် ဆိုပါတော့၊ ရယ်စရာကောင်းရင် ရယ်လိုက်၊ ငိုစရာကောင်းရင် ငိုလိုက်၊ ချစ်စရာကောင်းရင် ချစ်လိုက်၊ လွမ်းစရာကောင်းရင် လွမ်းလိုက်နဲ့ မပြီးဆုံးသေးတဲ့ ၀တ္တုတစ်ပုဒ်လိုပဲ စာမျက်နှာတွေကို ဆက်လှန်နေရမှာပဲ။ မပြီးဆုံးသရွေ့ပေါ့။
ကိုယ့်ကို ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်းမသိ.. ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ.. အားကြိုးမာန်တက်လုပ်တော့လည်း မအောင်မြင်ဘူး။ လောကကြီးမှာ ဘာမဆို ဇွဲနဲ့ကြိုးစားရင် အောင်မြင်တယ်ဆို ကျွန်တော် ကြိုးစားတာ တစ်ခုမဟုတ်ဘူး ကြိုးစားသမျှ ကိစ္စတိုင်းကို မအောင်မြင်တော့… လောကကြီးမှာ အရာရာ အဆင်မပြေမှုတွေပဲ ရှိတယ်လို့တောင် ထင်လာတယ်။ အချိန်တန်ရင် နွားပိန်ကန်တယ် ဆိုတဲ့ စကားပုံကို ခေါင်းပုံချပြီး အချိန်တန်အောင် ဘ၀ကို ရေစုန်မျှောပြီး နွားပိန်ကန်အောင်ပဲ စောင့်ရမလိုလို ဖြစ်နေတဲ့ဘ၀ပဲ။ ကျွန်တော်သူငယ်ချင်းက ပြောတယ်။ မင်းက လောကကြီးနဲ့ ကန့်လန့်နေတော့ အဆင်မပြေပြေ မဖြစ်ဘူးပေါ့တဲ့။ ကျွန်တော် တည့်အောင်နေကြည့်ပါတယ်။ တည့်တာပဲမှားတာလား၊ နည်းလမ်းပဲ မသိတာလား မသိဘူး အမြဲကန့်လန့်ဖြစ်နေတယ်။
မြိုသိပ်နေရတာ များလွန်းလို့ တစ်ခုခုကို စိတ်ရှိလက်ရှိလုပ်ပစ်ချင်တယ်။ မကျေမနပ်ဖြစ်နေတာတော့ သေချာတယ်။ဘာကိုလဲ..? ဘယ်သူကိုလဲ…? ကိုယ်ကိုကိုယ်လား..? လောကကြီးကိုလား..? စိတ်ပျက်လက်ပျက်၊စိတ်ပစ်လက်ပစ် ပစ်လှဲ့ ရအောင်ကလည်း ထူထဲတဲ့ မွှေ့ယာက မရှိဘူး။ မြေစိုက်တဲလေးထဲမှာ မိုးရွာနေတုန်း ရတဲ့ မြေသင်းရနံ့နဲ့ သက်ကယ်ပေါ်ကျနေတဲ့ မိုးစက်နဲ့ အတူလွမ်းချင်တယ်။ ဒါပေမဲ့ မြေစိုက်တဲက မရှိဘူး။ အခုလောလောဆယ်တော့ သွပ်ပြားပေါ်ကျနေတဲ့ မိုးစက်နဲ့အတူ အိပ်တော့မယ်။
ဆရာဝန်ကတော့ ပြောပါတယ်။ စိတ်ညစ်စရာ၊ စိတ်ညစ်ရှုပ်စရာ ၊စိတ်အနှောက်အယှက်ဖြစ်စရာ မတွေးပါနဲ့တဲ့။ သူပြောသလိုသာ မတွေးပဲနေလို့ရရင် ဒီရောဂါတောင်ဖြစ်စရာမလိုဘူး။ မတွေးနဲ့ ဆိုမှ ပိုတွေးဖြစ်တယ်။
သဘာဝလောကကြီးဆိုတာဒီလိုပဲလား။ ပျော်စရာ နည်းနည်း၊စိတ်ညစ်စရာစိတ်ရှုပ်စရာ အများကြီးနဲ့ အရာကို ခေါ်တာလား။
လူပင်ပန်း၊ စိတ်ပင်ပန်းတဲ့ ဒဏ်ကိုမခံနိုင်တော့ဘူး။ အဖြေရှိပြီးသား မေးခွန်းတစ်ခုကို မဖြေချင်လို့ လှည့်ပတ်ပြေးနေတဲ့ ကျောင်းသားတစ်ယောက်နဲ့ တူတယ်။ ဘာအကြောင်းမှမကြားချင်တော့ဘူး မသိချင်ယောင်ဆောင် ရတာပင်ပန်းလွန်းလို့ပါ။
(၂၆.၀၆.၂၀၀၄)